ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲလုပ်ငန်းစဉ် ဆွေးနွေးပို့ချ သင်တန်းဖွင့်လှစ်

လသာ ဒီဇင်ဘာ ၂၂

ကျောက်က်တံတားခရိုင်၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချသင်ကြားပေးသည့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဆန်းထွန်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဒေါ်အိအိခင်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများ စုစုပေါင်း (၄၀) ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဆန်းထွန်းအောင်မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့် မဲရုံတာဝန်များကို ဦးဆောင်ပြုလုပ်ရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား မြန်ဆန်တိကျစွာ နားလည်ကျွမ်းကျင်စေရန် လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် စည်းလုံးညီညွတ်ဝိုင်းဝန်းဆောင်ရွက်ပေးစေရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆက်လက်ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်အိအိခင်မှ မဲရုံအလုပ်သဘောတရားများ၊ အသုံးပြုရန် ပုံစံများနှင့် စာရင်းဇယားများအား ပိုမိုသိရှိနိုင်ရန် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)