မကွေးမြို့ ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်းကျင်းပ

မကွေး ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်(မကွေး)ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း Never Stop Learning Talk Show အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်ကျောင်း၊ ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က  အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ မ‌ကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း (NeverStopLearningTalkShow) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစကားဝိုင်းတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး၊ ပညာရေးဒီဂရီကောလိပ်ကျောင်းမှ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သော မဖြူဝတ်ရည်ခိုင်၊ မငြိမ်းငြိမ်းအေး၊ မစံပယ်မိုး၊ မောင်ရဲရင့်မှူးတို့က စာရေးဆရာမကြီး ခင်ဆွေဦး"ဒို့တိုင်းဌာနီ"စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် စာပေအမျိုးအစားများ၊ စာရေးသူရေးသားခဲ့သည့် အခြားသောစာပေများနဲ့ စာအုပ်၏အနှစ်ချုပ်အားလည်း‌ကောင်း၊ ဇာတ်ကောင်များ၏ စရိုက်နှင့် ဇာတ်လမ်းဇာတ်ကွက်များအပေါ် ဝေဖန်သုံးသပ်ခြင်း၊ စာအုပ်အပေါ်ဖတ်ရှုရသည့်အမြင်နှင့် စာအုပ်၏အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း၊ စာအုပ်ကို‌လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် စာအုပ်ပါစာသားအချို့တို့ကို ပါဝင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်သည့် ဒုတိယဦးစီးမှူးနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေး အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် စကားဝိုင်းအပြီးတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား တက်ရောက်လာသော ပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)