ချောင်းသာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလျက်ရှိရာ ယနေ့တွင် ချောင်းသာကမ်းခြေတစ်လျှောက် အပန်းဖြေသူ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ်းခြေတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဟန်ဖြိူးဇော်ဦးဆောင်မှုဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် စျေးရောင်းချနေကြသော စျေးသည်များအား စျေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပန်းဖြေနိုင်ရန်အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ချောင်းသာမြို့ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေကြသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအတွင်းရှိ ဖိုးကလားကျွန်းနှင့်သဲဖြူကျွန်းများသို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့်လည်းကောင်း သွားရောက်လည်ပတ်အပန်းဖြေနိုင်ကြောင်း သိရှိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)