ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာသို့သွားရောက်၍ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ယာဉ်ရပ်နားကွင်း၊ နေကြာစိုက်ခင်း(၇)ဧက၊ မဏ္ဍပ်၊ ဖိုးတောင်သူစိုက်ခင်း၊ ဆီထွက်သီးနှံစိုက်ခင်း၊ အစေ့ထုတ်ပြောင်း၊ ပြခန်းများ၊ စပါးစိုက်ခင်း၊ ယာယီဘေလီတံတား၊ နှစ်ရှည်ပျိုးပင်များဆောင်ရွက်မည့် မြေနေရာလျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးပင်စားပင်များ အချိန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေး၊ အရိပ်ရပင်များအောက်တွင် ကော်ဖီသီးနှံစိုက်ပျိုးပြသနိုင်ရေး၊ အဓိကသီးနှံ ၁၃ မျိုး အားထည့်သွင်းစိုက်ပျိုးပြသနိုင်ရေးဆောင်ရွက်ရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား(Jetty)တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)