မြစ်ကြီးနား ဒီဇင်ဘာ ၂၀
ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူ အများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦရေ ၁၀၀၀၀ ကျော်တက်ရောက်ခဲ့ ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှတာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်းလမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ဘုရင့်နောင်လမ်း၊ ထိုမှ သခင်နက်ဖေလမ်း အတိုင်း စီတာပူမနောကွင်းအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် မနောကွင်းအတွင်း၌ စုပေါင်းကိုယ်ကာယကြံ့ခိုင်မှု အတွဲအမှတ် (၁)နှင့် (၂) တို့ကို စုပေါင်းလေ့ကျင့်ဆောင်ရွက်ခြင်း၊ Fitness Dance ဖြင့် စုပေါင်းလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး ဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတက်ရောက်ဆင်နွှဲကြသူများအား အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အိမ်သုံးပစ္စည်းများကို ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ နံနက် ၉ နာရီတွင် ၂၀၂၅ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မိသားစု ခရစ္စမတ်ပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြရာ မိသားစု ခရစ္စမတ်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြရာ ရိုးရာဧည့်ကြိုသီချင်း၊ ဧည့်ကြိုအကတို့ဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့်အတူ ခရစ်တော်မွေးနေ့မင်္ဂလာပွဲတော်၌ တစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာပြသသည့်အနေဖြင့် ယခုလို ဌာနဆိုင်ရာများ၊ မိတ်ဆွေများနှင့်အတူ အတူတကွ ကျင်းပပြုလုပ်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်ရရှိသည့် အတွက် ကျေးဇူးတော်ကို ချီးမွမ်းကာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်လာစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ကက်သလစ်အသင်းတော်မှ ဖာသာဒေါက်တာယုံဝါနှင့် နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာများ၏ ဦးဆောင်မှုနှင့်အတူ ဝတ်ပြုဆုတောင်းပွဲ အစီအစဉ်အဖြစ် ကျမ်းစာဖတ် ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းသီဆိုဆက်ကပ်ခြင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ခရစ္စမတ်ဓမ္မသံချပ် ရွတ်ဆိုချီးမွမ်းခြင်း၊ ဓမ္မဒေသနာတော်ဟောကြားခြင်းတို့ကို အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာများနှင့်ပါဝင်ကူညီကြသော ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ခရစ္စမတ်လက်ဆောင်များကို ပေးအပ်လှူဒါန်းခဲ့ပြီး ကောင်းချီးပေးဆုတောင်းခြင်းဖြင့် ဝတ်ပြုခြင်းအစီအစဉ်ကို ရုပ်သိမ်းလိုက်ကြကာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများ၏ ခရစ္စမတ်တေးသီချင်း သရုပ်ဖော် အကအလှများ၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ပွဲတော်တက်ရောက်လာသူများနှင့်အတူ ခရစ္စမတ်နေ့လယ်စာကို အတူတကွ ပျော်ရွှင်စွာသုံးဆောင်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)