ဂန့်ဂေါ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (စည်ပင်သာယာ)နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်နှင့်ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲ (စည်ပင်သာယာ)ကျောင်းရှိ မဲရုံဖွင့်လှစ်မည့် စာသင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးဘေးလုံခြုံရေးပစ္စည်းများ ပြည့်စုံကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ မဲရုံအနီးပတ်ဝန်းကျင်ရှိ အုတ်ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားရှိမှုများ၊ မဲရုံများမီးဘေးအန္တရာယ်၊ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အသိပညာပေးခြင်း၊ မဲရုံအနီးကျောင်းပတ်ဝန်းကျင်ရှိ နေအိမ်နှင့်ဈေးဆိုင်ခန်းများမှ ပေါ့ဆမှုကြောင့် မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွားစေရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(စည်ပင်သာယာ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း