ဒဂုံ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာအားကစားလ တတိယအပတ် ရန်ကုန်တိုင်းဒေသကြီး၏ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်သူ့ရင် ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းတက်ရောက်ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး လမ်းလျှောက်ပွဲသို့ ရောက်ရှိနေကြသူများနှင့်အတူ ပြည်လမ်း၊ အလုံလမ်း၊ ဦးဝိစာရလမ်းမှ ပြည်သူ့ရင်ပြင်သို့စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။ ယင်းနောက် ပြည်သူ့ရင်ပြင်၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍အားကစားပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ရာ လွန်ဆွဲ၊ အာလူးကောက်၊ ထုတ်စီးထိုး၊ ဂုန်နီအိတ်စွပ်၊ စကောရွက်၊ အပ်နဖားထိုး ပြိုင်ပွဲများယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအား ပေးကာ ဆုရရှိသူများအား ပထမဆု ၂၀၀,၀၀၀ ကျပ်၊ ဒုတိယဆု ၁၅၀,၀၀၀ ကျပ်၊ တတိယဆု ၁၀၀,၀၀၀ ကျပ်၊ နှစ်သိမ့်ဆု ၅၀,၀၀၀ ကျပ် ဖြင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်ဆက်)