“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”နှင့်အညီ တပ်ကုန်းမြို့၌ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၂၀

“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” နှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် MSME အသင်းမှ ဦးဆောင်ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၌ ပြပွဲပစ္စည်းများတွင် စားသောက်ကုန်ပစ္စည်း ၁၈ မျိုး၊ မွေးမြူရေး ထုတ်ကုန်ပစ္စည်း နှစ်မျိုး၊ စိုက်ပျိုးရေးထုတ်ကုန်(မြေဆီ)ပစ္စည်း တစ်မျိုး၊ စိုက်ပျိုးရေးထုတ်ကုန် (မျိုးစေ့)ပစ္စည်း ခြောက်မျိုး၊ လူသုံးကုန်းပစ္စည်း ငါးမျိုး၊ ဒေသထွက်လက်မှုထုတ်ကုန်ပစ္စည်း ရှစ်မျိုး၊ လယ်ယာထုတ်ကုန်ပစ္စည်း လေးမျိုး၊ စက်မှုကုန်ကြမ်းထုတ်ကုန်ပစ္စည်း တစ်မျိုး၊ စုစုပေါင်း ၄၅ မျိုးပါဝင်ပြီး၊ ပြိုင်ပွဲပစ္စည်းများတွင် လူသုံးကုန်ပစ္စည်း လေးမျိုး၊ စာသောက်ကုန်ပစ္စည်း ငါးမျိုး၊ စိုက်ပျိုးရေးပစ္စည်း တစ်မျိုး၊ မွေးမြူရေးထုတ်ကုန်ပစ္စည်း တစ်မျိုး၊ စုစုပေါင်း ၁၁ မျိုးပါဝင် ယှဉ်ပြိုင်ခဲ့သည်။

တပ်ကုန်းမြို့နယ် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေး၊ MSME အသင်းဗဟိုဥက္ကဋ္ဌ ဦးသူရိန်၊ မြို့နယ် MSME အသင်းဥက္ကဋ္ဌ ဦးမောင်မောင်နုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် MSME ထုတ်ကုန်ပြပွဲတွင် ပြသဆောင်ရွက်ထားသည့်ပစ္စည်းများ လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး၊ ထုတ်ကုန်ပြပွဲကို ဒီဇင်ဘာလ ၁၉ ရက်မှ ၂၁ ရက်ထိ ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်