လွိုင်ကော် ဒီဇင်ဘာ ၂၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို ယမန်နေ့က အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လွိုင်ကော်ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းထွန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များသိရှိစေရန်နှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များကို သိရှိနားလည်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ လွိုင်ကော်ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို အခြေခံပညာအထက်တန်းကျောင်းများနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင်လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မေစု(ပြန်/ဆက်)