လွိုင်ကော် ဒီဇင်ဘာ ၁၉
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ကြီးမှူးကျင်းပသည့် (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော် မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ လွိုင်ကော်နှစ်ခြင်းခရစ်ယာန် အသင်းတော် မှ သိက္ခာတော်ရဆရာတော် စောလားဘွယ်နေမူး၊ သိက္ခာတော်ရ ဆရာတော် စောအက်ဒွက်စိန်တို့က (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများက ရိုးရာအစဉ်အလာနှင့် အညီ ကရင်အမျိုးသားတူရိယာ မင်္ဂလာဖားစည်တီးခတ်ခြင်းနှင့် ကျွဲချိုမှုတ်ခြင်းများကို ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်တိုင်းရင်းသားတို့၏ ဝိသေသလက္ခဏာ ပေါ်လွင်စေသည့်ပွဲတော်တစ်ခုအဖြစ် အစဉ်အလာမပြတ်ကျင်းပနိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ဂုဏ်ယူထိန်းသိမ်းတတ်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အဖက်ဖက်မှ ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နေ ဖြင့်လည်း ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်အောင် ဖော်ထုတ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူ အားလုံးတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားချစ်ကြည်ရင်းနှီးစွာဖြင့် အတူယှဉ်တွဲနေထိုင်ပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍများမှ ကြိုးပမ်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားအတွက် ချီးမြှင့်ငွေများပေးအပ်ရာ လွိုင်ကော်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူတစ်ဦးက လက်ခံယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက အခမ်းအနားဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ အလှူရှင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံယူသည်။
ဆက်လက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌက ကရင်အမျိုးသား နှစ်သစ် ကူးနေ့ ဖြစ်ပေါ်လာပုံ၊ ကရင်မျိုးနွယ်စုများဆင်းသက်လာပုံနှင့် ကရင်အမျိုးသားအလံ ဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး လွိုင်ကော်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော်က အထူးဆက်ကပ်ဆုတောင်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်တို့အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ဒုံးယိမ်းအကအဖွဲ့၊ ကရင်ဝါးညှပ်အကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကယားယဉ်ကျေးမှု အဖွဲ့နှင့် ကယန်းယဉ်ကျေးမှုအကဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ခန်းမရှေ့၌ ကရင်တိုင်းရင်းသားတို့၏ ဒုံးယိမ်းအကကို ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ဧည့်ပရိသတ်များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)