လပွတ္တာ ဒီဇင်ဘာ ၁၉
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် နေသူရိန်အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပမည့် မုဒ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အ.ထ.က-၃ ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်၍ ကရင်တိုင်းရင်းသားလူငယ်လေးများမှ ကရင်အလံတော်အား သတ်မှတ်နေရာသို့ သယ်ဆောင်ခြင်း၊ ကရင်အလံတော်အားလွှင့်တင်နိုင်ရန် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားဖိတ်ခေါ်ခြင်း၊ နိုင်ငံတော်အလံနှင့် ကရင်အလံတော်အား အလေးပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားအား ရိုးရာကျွဲဂျိုဖြင့် တီးမှုတ်ကြိုဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ရာ သဘာပဓိအဖွဲ့ စိတ္တဝံသီကျောင်းတိုက်ဆရာတော်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောလင်းခယ်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနှင့် ကရင်တိုင်းရင်းသားအလံတော် ဖြစ်ပေါ်လာပုံအား နန့်ချိုချိုခိုင်က ရှင်းလင်းဖတ်ကြားခြင်း၊ ကရင်ဒုံးယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)