မြန်အောင် ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ကရင်စာပေယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ဒေါင်းကျကျေးရွာအုပ်စု ဒေါင်းကျကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားသို့တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြု၍ ကရင်အမျိုးသားအလံအားအလေးပြုကြသည်။ ဆက်လက်၍ မြန်အောင်မြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောလွင်က အဖွင့်အမှာစကားပြောကြားပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ခရစ်ယာန်နှစ်ခြင်းသာသနာသင်းအုပ်ဆရာကြီး၊ ရိုမန်ကတ်သလစ်ဘုန်းတော်ကြီးများက မေတ္တာပို့ဆုတောင်းပေးကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ကပေးပို့သော ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာအားဖတ်ကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌပေးပို့သော ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာအား ဖတ်ကြားကြသည်။
အခမ်းအနားတွင် ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံနှင့် မြန်အောင်မြို့နယ်တွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပခြင်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်အောင်မြို့နယ်ကရင်စာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး၏ဇနီးက ကရင်စာပေသင်ကြားပေးသော ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီဒုဥက္ကဋ္ဌ ဦးမန်းဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဝင်းဗိုလ်(ပြန်/ဆက်)