ဖျာပုံမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ဖျာပုံ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ BBM ဝန်းအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၅) နာရီက အဆိုပါ BBM ဝန်းအတွင်းရှိ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ကြသည်။

ရှေးဦးစွာ ကရင်အမျိုးသားအလံတော်အား ခင်မောင်လေးနှင့် ဆရာစောအယ်ဝါးတို့က လွင့်ထူပေးကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတော်တို့အား အလေးပြုကြသည်။

ထို့နောက် ကရင်အမျိုးသားသီချင်းအား သံပြိုင်သီဆိုကြပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဗဟိုကော်မတီမှပေးပို့သော ကရင်အမျိုးသားသဝဏ်လွှာအား ဆရာစောအယ်ဝါးက ဖတ်ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဆရာမကြီးနော်ဆာဝါးကြည်နှင့် ဆရာစောမူတိဆာတို့မှ ဖတ်ကြားကြပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာသူများအား ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)