မင်းဘူး (စကု) မြို့နယ်၌ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးများထုံးပေးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

မင်းဘူး ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ နည်းပညာသစ်ကိရိယာများကို သိရှိအသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈) စက်မှုလယ်ယာစခန်းက ကြီးမှူးဆောင်ရွက်သော ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးများထုံးပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကြာကန်ကျေးရွာ ကွင်းအမှတ် ၁၃၁၈ ရှိ တောင်သူ ဦးအောင်နိုင်ဦး၏ လယ်မြေ ၃ ဧက အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် မင်းဘူးခရိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ကောက်ရိုးထုံးစက် (Round Baler) အသုံးပြု၍ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ကောက်ရိုးထုံးခြင်း ဆောင်ရွက်နေမှုများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး သိရှိလိုသော မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက စိုက်ကွင်းလက်တွေ့ ရှင်းလင်းပြသခဲ့သည်။

ဒေသခံတောင်သူများ မိမိတို့လယ်မြများတွင် စိုက်ပျိုးထားသော စပါးများအား ရိတ်သိမ်းခြွေလှေ့စက်အသုံးပြု၍ ရိတ်သိမ်းပြီးနောက် ကျန်ရှိခဲ့သော နွားစာကောက်ရိုးများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် ကောက်ရိုးထုံးစက်(Round Baler)ဖြင့် အသုံးပြုရခြင်းဖြစ်ကြောင်း၊ အဆိုပါစက်ကို အသုံးပြုမည်ဆိုပါက တစ်ဧကလျှင် စက်သုံးဆီ ၂ ဂါလံခန့်နှင့် ကောက်ရိုးထုံးကြိုးခွေများ လိုအပ်ကြောင်း၊ Round Baler စက်မောင်းနှင်ချိန် ကောက်ရိုးများ ရွှံ့နွံ့များဖြင့် လုံးထွေးရစ်ပတ်မှုမဖြစ်ပွားစေရန် မြေပျော့၊ မြေကျွံသည့်အနေအထားများကို ဂရုပြုရှောရှားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါစက်ကို အသုံးပြုခြင်းအားဖြင့် လုပ်သားအင်အားနှင့် ကုန်ကျစရိတ် သက်သာပြီး စိုက်ဧကများစွာကို အချိန်တိုအတွင်း လျင်မြန်စွာ သိမ်းဆည်းနိုင်သည့်အတွက် နောက်ထပ်စိုက်ပျိုးမည့်သီးနှံများ ရာသီအချိန်မီ စိုက်ပျိုးနိုင်ခြင်း၊ နွားစာကောက်ရိုးများကို မီးရှို့ရန်မလိုဘဲ အမိုးအကာအောက်တွင် စနစ်တကျ ထားသိုသိမ်းဆည်းနိုင်ခြင်းတို့ကြောင့် နွားစာအဖြစ် ကောက်ရိုးများ ပြန်လည်ရောင်းချချိန် ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုးပွားခြင်းစသည့် ကောင်ကျိုးများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)