ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်

ပခုက္ကူ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သူသူကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်အောင်မြင်ခြင်းအကြောင်းရင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က “လူငယ်နှင့်ကျန်းမာရေး ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာသုခဆွေ(ပညာရေး)က “လူငယ်နှင့်အနာဂတ် ပန်းကလေးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က “မြတ်ဆရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လှပသာယာရောင်စုံဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် သုတ၊ ရသဆိုင်ရာစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှု စေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)