ငဖဲ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျောင်သား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်မည့် ကလေးစာအုပ်စာပေများကို မိတ်ဆက်ပြီး ပြိုင်ပွဲစည်းကမ်းချက်များကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။
ထို့နောက် အခြေခံပညာမူလတန်းဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့အခြေခံ ပညာအထက်တန်းကျောင်းမှ မူလတန်းဆင့် Grade- 4 ကျောင်းသား/သူ ၁၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ ၃ ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပြသထား ရှိသော ကလေးကြိုက်ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များနှင့် တိုင်းရင်းသားရိုးရာ ပုံပြင်စာအုပ်များကို လေ့လာဖတ်ရှုပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)