အောင်လံမြို့၌ ကောက်ရိုးထုံးစက်(Round Baler)နှင့် ရိုးဖြတ်ရိတ်စက်(Rotary Mulcher) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း သရုပ်ပြဆောင်ရွက်

အောင်လံ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာရှိ တောင်သူ ဦးကျော်စွာဝင်း ဦးပိုင်အမှတ်(၁၉) ကွင်းအမှတ်(၈၇/၈၂) လယ်မြေ ၃ ဧကတွင် ယမန်နေ့က အောင်လံမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ကောက်ရိုးထုံးစက်(Round Baler) နှင့် ရိုးဖြတ်ရိတ်စက်(Rotary Mulcher)များ အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနိုင်ထွန်းက အဆိုပါ စက်များ အသုံးပြုခြင်းဖြင့် တောင်သူများ လယ်ကွင်းအတွင်းရှိ ကောက်ရိုးများအား (Round Baler) ကို အသုံးပြု၍ သိမ်းဆည်းနိုင်သဖြင့် အလွယ်တကူမြေပြုနိုင်ခြင်း၊ ကောက်ရိုးများကို အထုံးများ ပြုလုပ်နိုင်ခြင်းကြောင့် တစ်နေရာမှတစ်နေရာသို့ အလွယ်တကူ သယ်ယူနိုင်ခြင်း၊ ကောက်ရိုးထုံးများကို အဆင့်ဆင့်ထပ်၍ ဂိုဒေါင်အတွင်း အများအပြား သိုလှောင်သိမ်းဆည်းနိုင်ခြင်း တိရစ္ဆာန်အစာအတွက် မိမိလိုအပ်သောအချိန်တွင် အလွယ်တကူထုတ်ယူအသုံးပြုနိုင်ခြင်း၊ (Rotary Mulcher)ကို အသုံးပြုခြင်းဖြင့် မြေသားထဲတွင် အစိုဓာတ်ထိန်းသိမ်းပေးခြင်း၊ မြေတစ်ခုတည်းကို ထိန်းသိမ်းပေးခြင်း၊ အပင်ဆေးတင်မှု တိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)