မင်းဘူး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာနှစ်ရွာ၌ ကျင်းပပြုလုပ်ဆောင်ရွက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာရှိ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲမုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါကျေးရွာနှစ်ရွာရှိ ထရန်စဖော်မာများအား စက်ခုလုပ်နှိပ်၍ မီးလင်းပေးခြင်းဆောင်ရွက်ကာ မီးလင်းရေးဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် တီးဝိုင်းအဖွဲ့များနှင့် ကျောင်းသူလေးများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျေးရွာအတွင်း လျှပ်စစ်မီးရရှိမှုနှင့် စတင်သုံးစွဲနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး သနပ်ပင်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မီးလင်းရေးဖွင့်ပွဲ ဒုတိယပိုင်းကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးတင့်လွင်က အမှာစကားပြောကြားပြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုအား ရှင်းလင်းတင်ပြကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော ဒေသခံတောင်သူများ၏ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတင်ပြမှုအပေါ် တိုင်းဒေသကြီးတာဝန်ခံများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံများ၏ လိုအပ်ချက်တင်ပြများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ခရိုင်နှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူ၍ မီးလင်းရေးဆောင်ရွက်ပေးခဲ့ရာ ညောင်ကိုင်းကျေးရွာသည် ယခင်က ကျွဲတဲကျေးရွာရှိ ၃၁၅ ကေဗွီအေ ထရန်စဖော်မာမှ ဓာတ်အားရယူ၍သုံးစွဲခဲ့ရာ လျှပ်စစ်ဓာတ်အား ဗို့အားမပြည့်မီသည့်အတွက် ဒေသခံများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တင်ပြမှုအရ ယခုဘဏ္ဍာနှစ်တွင် ၁၁ ကေဗွီဓာတ်အား လိုင်း ၀ ဒသမ ၃၆ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေထရန်စဖော်မာတစ်လုံးနှင့် ကျွေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း ၀ ဒသမ ၃၄ မိုင်တို့ကို ခွင့်ပြုငွေ ၁၂၀ ဒသမ ၂၈၅ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အတူသနပ်ပင်စုကျေးရွာ၌ ယခင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က ၁၁ ကေဗွီဓာတ်အားလိုင်း ၁ ဒသမ ၂၃ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုချထားပေးခဲ့ပြီးနောက် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်တင်ပြမှုအရ ယခုဘဏ္ဍာနှစ်တွင် ကျွေးရွာ ၄၀၀ ဗို့ဓာတ်အားလိုင်း ၁ ဒသမ ၃၆ မိုင်ကို ခွင့်ပြုငွေ ၂၇၉ ဒသမ ၉၆ ကျပ်သန်းဖြင့် အသစ်ထပ်တိုးဆောင်ရွက်ပေနိုင်းခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)