ရန်ကုန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်သူများသို့ မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ သွင်းအားစုဓာတ်မြေဩဇာထောက်ပံ့ခြင်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့နယ် ဘယက်ကျေးရွာ တောင်သူဦးကျော်ဝင်းနိုင်၏ ဧက( ၁၀၀)လယ်မြေ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်က နွေစပါးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းအားဖြင့် စပါးသီးနှံ အထွက်တိုးစေပြီး လူမှုစီးပွားဘဝများတိုးတက်လာမည်ဖြစ်ကြောင်း၊ လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က မျိုးစေ့ချကိရိယာ(Drum Seeder)များအား စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်းဖြင့် တောင်သူများရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကိရိယာနှင့်သွင်းအားစု ဓာတ်မြေဩဇာများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးတင့်နိုင်၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးတင်မောင်ကြည်နှင့် သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းတို့က အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများ၊ ဒေသခံတောင်သူများက နွေစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ကွင်းသရုပ်ပြခြင်း၊ ဆိုလာစနစ်ဖြင့် ရေသွင်းနေမှုနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)