နတ်မောက်မြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးက အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲအုပ်နီလာထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပြစ်မှု ပြစ်ဒဏ် များ အားရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရင်မိုးက ကျား/မအခြေပြုအကြမ်းဖက်မှု၊အကြမ်းဖက်မှုအမျိုးအစားများ၊ အများဆုံးဖြစ်ပွားတတ်သည့်အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု အကျိုးဆက်များ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း