ငဖဲမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ငဖဲ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သရက်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် သရက်ပင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အကြောင်းအရာများ၊ အသိပညာဗဟုသုတ တိုးပွားစေရေး စာအုပ် စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ကျောင်းသား/သူများအား အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်သန္တာအောင်က ကလေးသူငယ် အခွင့်အရေးများနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ပြောကြားသည်။

ထို့နောက် ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြ စာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)