မကွေး ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စု “ ရွှေတင့်တူး” စိုက်ပျိုးမွေးမြူရေးဇုန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ “ရွှေတင့်တူး”စိုက်ပျိုးမွှေးမြူရေးဇုန်ဖွင့်ပွဲအခမ်းအနားအား တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး တရားလွှတ် တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရုက်ကူးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားတွင် ပါဝင်ကူညီအားဖြည့်ပေးသော ဘင်ခရာ၊ ပန်းပွား အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုကျင်းပရာ “ ရွှေတင့်တူး” စိုက်ပျိုးမွှေးမြူရေးဇုန်မုဒ်ဦးကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှ ကျေးရွာအုပ်စုအတွင်း (၁၀) နှစ်ကျော် သီးနှံစိုက်ပျိုးခြင်းမပြုဘဲ မြေလွတ်မြေရိုင်းပုံစံဖြစ်နေသည့် မြေဧရိယာများကို စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ “ရွှေတင့်တူး” စိုက်ပျိုးမွှေးမြူရေးဇုန် ပထမအဆင့် (၁၅၁.၅၈)ဧက ဖော်ထုတ်လျက်ရှိပြီး ထပ်မံတိုးချဲ့လျာထား(၂၀၆.၆၂)ဧက စုစုပေါင်း(၃၅၈.၂၀)ဧက ဖော်ထုတ်စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း စနစ်တကျ လယ်ယာမြေဖော်ထုတ်ခြင်းအားဖြင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်ရန် လုံလောက်သည့် အကျယ်အဝန်းရှိခြင်း၊ ညီညာပြန့်ဖြူးခြင်း၊ ထောင်မှန်စတုဂံပုံရှိပြီး အလျားအနံအချိုး(၃:၁)ဖြစ်ခြင်း၊ ကုန်ထုတ် လမ်းပါရှိခြင်း၊ ရေသွင်းရေနုတ်မြောင်းပါရှိခြင်း၊ ကန်သင်းများကောင်းမွန်ခြင်းစသည့် အင်္ဂါရပ်များနှင့်ပြည့်စုံပြီး ကုန်ထုတ်လုပ်မှုစရိတ် လျော့ချနိုင်ကာ သီးနှံအထွက်တိုးစေပြီး အလေအလွှင့်နည်းပါးသည့်အတွက် သာမာရိုးကျ လယ်ယာမြေတွင် စိုက်ပျိုးသည့် သီးနှံများထက် အမြတ်အစွန်း ပိုမိုရရှိစေမှာဖြစ်ကြောင်း ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးစပါးစိုက်ပျိုးထားရှိမှုအနေဖြင့် အောင်နိုင်တိုးစပါးမျိုး(၁၈.၂၅)ဧက စတင်စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေတာ တွေ့ရှိရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားတိုးတက်လာစေရေးအတွက် တစ်နှစ်လျှင် ၃သီးရအောင် စိုက်ပျိုးပြီး သီးနှံစိုက်စွမ်းအား ၃၀၀ရာခိုင်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် လုပ်ပိုင်ခွင့်ရ တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဌာနဝန်ထမ်းများအား အထူးတိုက်တွန်း မှာကြားလိုကြောင်း၊ ထို့ပြင် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ်တိုးချဲ့ မွေးမြူနိုင်ရေး၊ ဒေသဝမ်းစာဖူလုံရေးအတွက် လျာထားဆောင်ရွက်ခဲ့ကြောင်း ဒေသအတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှု ဖူလုံပြီး ပိုလျှံသည်များကို တင်ပို့နိုင်စေရန်အတွက် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးက်လာစေရန် ဒေသအလိုက် အလားအလာရှိသော တိရိစ္ဆာန်အမျိုးအစားများအလိုက် စံပြပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းအဖြစ် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်စေရန် စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ဥစားကြက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုအတွင်းရှိ သမဝါယမအသင်းပိုင် မြေဧရိယာ (၄၈.၀၆) ဧကတွင် ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကြက်ကောင်ရေ (၃၀၀၀) ဆန့် ကြက်ခြံ(၄)ခြံ၊ သမဝါယမ အသင်းစုမှ ကြက်ခြံ(၂)ခြံမွေးမြူထားပြီး ကြက်ဥ(၉၀၂၇၃၇)လုံးထုတ်လုပ်ရရှိနေပြီဖြစ်ကြောင်း ဆက်လက်ပြီး ကြက်ကောင်ရေ(၉၁၀၀၀)ဆံ့ မွေးမြူရေးကြက်ခြံ(၂၇)ခြံထပ်မံ တိုးချဲ့မှာဖြစ်သည့်အတွက် ဒေသတွင်း စားသုံးရန်လိုအပ်မှုအပေါ် ဖူလုံမှု(၂.၄၈)ရာခိုင်နှုန်း ပိုမိုဖြည့်ဆည်းပေးနိုင်ကာ တိုင်းဒေသကြီးအတွင်း ကြက်ဥ ဖူလုံမှု(၄၈.၉၁)ရာခိုင်နှုန်းထိ တိုးတက်ရရှိလာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန် ဖွင့်လှစ်အကောင်အထည်ဖော်နိုင်ခြင်းကြောင့် ဒေသတွင်း ဥစားကြက်နှင့် တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ စားရေရိက္ခာအတွက် ဖူလုံမှုရှိလာသည့်အပြင် ပိုလျှံသည်များကိုလည်း အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ တင်ပို့ရောင်းချလာနိုင်သည့်အဆင့်ထိ ရောက်ရှိလာနိုင်မှာဖြစ်ကြောင်း စိုက်ပျိုးရေးဇုန်တွင်လည်း အဓိကသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် သီးထပ်သီးညှပ် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာစေမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်ချက်များအပေါ်ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်းမှာကြားခဲ့သည်။
ထို့နောက် “ရွှေတင့်တူး” စိုက်ပျိုးမွေးမြူရေးဇုန်တွင် စိုက်ပျိုးမွေးမြူထားရှိမှုအခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက “ရွှေတင့်တူး” စိုက်ပျိုးမွေးမြူရေးဇုန်အား လည့်လှည့်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)