ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဒီဇင်ဘာ        ၁၂

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး ရပ်ကွက်များ၊ အခြေခံ ပညာကျောင်းများ၊ ဈေးများနှင့် အများပြည်သူအပန်းဖြေရာနေရာများတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဝယ်ယူထားရှိသည့် အမှိုက်ပုံးများရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အမှိုက်သိမ်းစနစ်များ ကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ လွိုင်ကော်မြို့နယ်စည်ပင်သာယာအဖွဲ့ ပစ္စည်းသိုလှောင်ရုံ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများ စနစ်တကျထားသိုသိမ်းဆည်းနိုင်အောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြို့တော်သာယာရေးအတွက် ကန္ဒရဝတီလမ်းမကြီး ဘေးဝဲယာ၌ ပန်းခုံများဖြင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပန်းအလှပင်များ အမြဲစိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်းရန်၊ လမ်းဘေးဝဲယာ ပလက်ဖောင်းများ၊ မြေထိန်းနံရံများ အမြင်တင့်တယ်မှုရှိအောင် ဆောင်ရွက်ရန်နှင့် လမ်းမကြီးများအပြင် လမ်းသွယ်များဘေးဝဲယာတစ်လျှောက် သန့်ရှင်းသပ်ရပ်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် လွိုင်ကော်မြို့ အဆင့်မြင့်သီရိမင်္ဂလာဈေးသို့ရောက်ရှိကာ ဈေးအတွင်း ဈေးရုံများ ဈေးဆိုင်ခန်းများ တိုးချဲ့ဆောက်လုပ်နေမှု၊ နှစ်ထပ်ဈေးရုံ ခန်းမတည်ဆောက်နေမှု၊ နှစ်ထပ်ဈေးရုံများ အပြီးသတ်ဆောက်လုပ်နေမှုနှင့် ဈေးအတွင်းလမ်းမကြီးတစ်လျှောက် အမိုးခုံးတပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ဈေးရုံများ၊ ဈေးဆိုင်ခန်းများ သန့်ရှင်းရေးမပြတ် ဆောင်ရွက်စေရန်နှင့် ယာဉ်ရပ်နားမှုများ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ဈေးအတွင်း ဈေးဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဈေးသူဈေးသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)