သထုံ ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက သထုံမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို စာသင်ကျောင်းအခြေပြုအဖြစ် ကျောင်းနေမိန်းကလေးများအား ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ပြည်သူလူထုအခြေပြုအဖြစ် ကျောင်းပြင်ပ မိန်းကလေးငယ်များအားလုံးကို ဆက်လက် ထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ဆွေးနွေးအမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးထက်ကိုက ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါ၏ လက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)အား ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ထိုးနှံပေးမှုအခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ် သတ်မှတ်ချက်၊ ဆေးထိုးနှံမည့်အစီအစဉ် စသည်တို့အား ရှင်းလင်းရာ တက်ရောက်လာသူများမှ သိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် သထုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ရပ်ရွာအတွင်းရှိ ကျောင်းနေပြင်ပ မိန်းကလေးငယ်များအား ဒီဇင်ဘာ (၁၂)ရက်နေ့မှ စတင်ကာ ရပ်ကွက်/ကျေးရွာအသီးသီးတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၏ အစီအစဉ်ဖြင့် ဆေးထိုးစုရပ်များပြုလုပ်၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)