ပန်းတနော်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

ပန်းတနော် ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ချောင်းကလေး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က  လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရေးစသည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းချစ်က အားကစားနှင့်ပတ်သက်သည့် ကိစ္စရပ်များအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အ.ထ.ကချောင်းကလေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေး၊ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ယင်းနောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေးနံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)