ဖျာပုံ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.ထ.က (ခွဲ) ထလွန်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင် ထလွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က အဖွင့်အမှာစကားပြောကြားပြီးဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့်အတူ အ.ထ.က (ခွဲ) ထလွန်ကျောင်း Grade (11) မှ မောင်ထက်မိုးအောင်က " မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်" ၊ မချစ်ဝတ်စံက " ကျောင်းသားနှင့်စာအုပ်စာပေ"၊ မောင်ဟန်မင်းညိုက"အချိန်၏တန်ဖိုး"၊ မချောစုသင်းက " ကျောင်းသားနဲ့အားကစား" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး အ.ထ.က (ခွဲ) ထလွန် ကျောင်းအုပ်ဆရာကြီး ဦးဇဝနရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသောစာအုပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသမှုများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ထလွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(ခွဲ) ထလွန်ကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)