မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက ကျော်ဇံကျေးရွာနှင့်ကျိုက်ပိကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျော်ဇံကျေးရွာနှင့် ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျော်ဇံကျေးရွာ (အ.ထ.က) ကျောင်းမှ ကျောင်းသား/သူလေးများက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဥ်ကျေးမှုခေါင်းစဥ်တို့ဖြင့်လည်းကောင်း၊ ကျိုက်ပိကျေးရွာ(အ.ထ.က)ကျောင်းမှ ကျောင်းသား/ သူလေးများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ စည်းလုံးခြင်းသည်အင်အား၊ လူငယ်နှင့်အားကစားခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)