ဟင်္သာတ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ရှေးဦးစွာ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာက မီးလောင်မှုဖြစ်ပွားရသော အကြောင်းအရင်းများ၊ ပေါ့ဆ မီးများကြောင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ အသုံးပြုပုံနှင့် သက်ဆိုင်ရာသို့ဆက်သွယ်အကြောင်းကြားမှု လုပ်ငန်းစဉ်များ၊ နေအိမ်/အဆောင်များတွင် လျှပ်စစ်မီး အသုံးပြုမှုအတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြသည်။ ၎င်းနောက် ဟင်္သာတတက္ကသိုလ်ဝန်းအတွင်းရှိ ဘောလုံကွင်းတွင် မီးသတ်ဦးစီးမှူး ဦးဥက္ကာ ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့အား သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသော ဒေါက်တာ မိုးမင်းစိုး၊ ဒေါက်တာ ချိုကြည်သန်း၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ/မများ ၊ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ဟင်္သာတမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးဥက္ကာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)