ကြံခင်း ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်၊ တာကြီးတန်း မြို့မပတ်လမ်းကမ်းပါးရှိ နန်းဦးချောင်းကျော်တံတားဆောင်ရွက်နေခြင်းကို ယမန်နေ့နံနက်ပိုင်းကစ၍ ထားဝယ်ကြီးကျောင်းတိုက်ဆရာတော်ဦးဆောင်၍ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ ပူးပေါင်းကာဧရာဝတီမြစ်ရိုးချောင်းကူးတံတား စတင်တည်ဆောက်လျက်ရှိသည်။
အဆိုပါ နန်းဦးချောင်းကျော်တံတားကို ဧရာဝတီမြစ်ရိုးချောင်းအတွင်း ရေကျချိန်တွင် အနက်ပေ(၂၀)ခန့်ရှိသဖြင့် မြို့မရပ်ကွက်မှ မြို့မကျွန်းနှင့်ဆက်စပ်လျက်ရှိသော ရွှေတောင်မြို့နယ် ဆင်ကျွန်းကျေးရွာ၊ ကန့်လန့်ကုန်းကျေးရွာ၊ သောင်ပြင်ကုန်းကျေးရွာတို့မှ ခရီးသွားပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊ ဈေးဝယ်ခြင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခြင်းတို့ သွားလာရာတွင် အခက်ခဲမှုမရှိစေရန်အတွက် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ထားဝယ်ကြီးကျောင်းဆရာတော်ဦးပညာသာမိနှင့် ကျီးသဲကျောင်းဆရာတော်ဦးသာသနတို့က ဦးဆောင်ပြီး စတင်အကောင်အထည်ဖော်ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။ ထိုသို့ ချောင်းကူးတံတားအား နှစ်စဉ်ဝါးတံတားဖြင့် တည်ဆောက်လျက်ရှိရာ ယခုနှစ်တွင် ဆရာတော်နှင့် ၇ ရက်သားသမီးများ၏ လှူဒါန်းမှုဖြင့် ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ယာယီသစ်သားဘေလီတံတားကို တည်ဆောက်ပေး လျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)