ရွှေသောင်ယံ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများ၊ လမ်းသွားလမ်းလာများ လျှပ်စစ်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် အန္တရာယ်ရှိ လမ်းမီးတိုင်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ရွှေသောင်ယံမြို့လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ အမှတ် (၁)ရပ်ကွက် ခရင်ချောင်းတံတားထိပ်ရှိ ယိုင်နေသောလမ်းမီးတိုင်အား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။
ထိုသို့အန္တရာယ်ရှိလမ်းမီးတိုင်များအား လိုက်လံ၍ထိန်းမတ်ပြုပြင်ပေးခြင်းဖြင့် ပြည်သူများအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ကိုကိုမောင်