ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့နယ်တွင် သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးက မြေအသုံးချမှုအခြေအနေ၊ ဖျာပုံခရိုင်အတွင်းမိုးရွာသွန်းမှုအခြေအနေ၊ ဆန်၊ ဆီဖူလုံမှုအခြေအနေ၊ အဓိကသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု၊ မိုးစပါးမျိုးကွဲအလိုက်စိုက်ပျိုးပြီးစီးမှု၊ မိုးစပါးနွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ထားရှိမှု၊ မျိုးစေ့ချကိရိယာ(Drum Seeder)များ ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်စိုက်ပျိုးမှုအခြေအနေများ၊ ကော်ဖီသီးနှံဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးထားရှိမှု၊ တိုင်းဒေသကြီးပြင်ပသို့ ဆန်တင်ပို့မှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ၊ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ တင်ပို့မှု၊ ရောင်းချရမှုအခြေအနေများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးမှုအခြေအနေများ၊ မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ဧကပြည့်မီရေး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လုပ်ကိုင်နိုင်ရေးအင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း  တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင်  ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော  ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ပန်းတနော်မြို့နယ် Global Earth Agro & Aqua Industry Public Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်၍ ကျောင်းသားကျောင်းသူများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊  အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်များမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို ဆောင်ရွက်ထားရှိပြီး မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှ်သူများကလည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများကို သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့များ ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)