ပုသိမ် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြမဉ္ဇူခန်းမတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Grade-12 သင်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်အလိုက်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြန်အောင်ခရိုင်နှင့် ကြံခင်းမြို့နယ်သည် ပညာရေးနှင့်ပတ်သက်ပါက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အကောင်းဆုံး ခရိုင်နှင့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး၏ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ အားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” မှာကြားခဲ့သည်။
ထို့နောက် ဖျာပုံခရိုင်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအားနည်းသည့် ဘာသာရပ်များအလိုက် ထိရောက်စွာ သင်ကြားပေးနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)