ကျောက်ဆည် ဒီဇင်ဘာ ၂
ကျောင်းအခြေပြု၊ ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးထိုးနှံခြင်း အသက် ၉ နှစ်မှ ၁၁ နှစ် (၁၂ နှစ်မပြည့်သေးသူများအထိ) မိန်းကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံဒေါက်တာ မင်းထက်စိုးက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ ကာကွယ်ခြင်းနှင့်ကုသခြင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ HPV ကာကွယ် ဆေးအကြောင်းနှင့် ကျောင်းအခြေပြု၊ ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးထိုးနှံခြင်း အသက် ၉ နှစ်မှ ၁၁ နှစ် (၁၂) နှစ် မပြည့်သေးသူများအထိ) မိန်းကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံခြင်း ရည်မှန်းဦးရေ ရရှိရေးနှင့် လွှမ်းခြုံမှုမြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်