မြစ်သား ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် ကူမဲမြို့ပေါ်ရှိရပ်ကွက်များတွင်မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံးရှုံးစေရန် အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း(Door to Door)မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးစိစစ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ၁ရက်တွင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရန် မဲစာရင်း တွင်ပါသင့်သူများမကျန်ရှိစေရေး အသက်(၁၈)နှစ်ပြည့်နှင့်အထက်စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် မြစ်သားမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများနှင့်ကူမဲမြို့ပေါ် ရပ်ကွက်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်သားမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)