ဖျာပုံ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသောနေရာမှ ပါဝင်နေကြောင်းနှင့် တာဝန်ပေးခန်အပ်ထားသည့် မဲရုံများမှာ အခက်အခဲမရှိဆောင်ရွက်နိုင်ရေး သင်တန်းမှသင်ကြားပို့ချချက်များကို လေ့လာမှတ်သားပြီး အားကြိုးမာန်တက် ထမ်းဆောင်ကြရန်တို့ကို အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းဦးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်မှုများ၊ လုပ်ငန်းတာဝန်များနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)တပ်ဆင် အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး(၃၅၄)ဦး တက်ရောက်ခဲ့ကြပြီး(၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)