ဘိုကလေးမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်/ကျေးကော်မရှင်အဖွဲ့များ ရွေးကောက်ပွဲလမ်းညွှန်သင်တန်းဖွင့်ပွဲကျင်းပ

ဘိုကလေး ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မဲရုံမှူး၊ဒုမဲရုံမှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့များ ရွေးကောက်ပွဲလမ်းညွှန်သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ကော်မရှင်အဖွဲ့ဝင်များ အင်အား (၂၀၀) ကျော် တက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ယခုသင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျပို့ချမည်ဖြစ်ပြီး မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိတ်စေတနာ အပြည့်အဝဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးခင်မောင်ရင်က ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ သိရှိရန်လိုအပ်သည်များအား ရှင်းလင်းဆွေးနွေး ခဲ့သည်။

ယခုဖွင့်လှစ်သည့် ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်သင်တန်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ပိုးဒါလီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲရုံဆောက်လုပ်မှု ပုံစံများ၊ မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းမှုဆိုင်ရာများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ စက်ကိုင်၊  မဲစာရင်းစစ်ဆေးသူ၊ လုံခြုံရေး၊ မင်တို့သူတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအား ရှင်းလင်းမျှဝေပို့ချသွားမည်ဖြစ်ပြီး သင်တန်းအား မဲရုံ (၂၆၅) ရုံအတွက် အုပ်စုများခွဲ၍ ယနေ့ ဒီဇင်ဘာ (၁) ရက်မှ (၅) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)