ကန်ကြီးထောင့် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများတိုးပွားစေရန်အတွက် စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင် ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို တကုန်းကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြာပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးမြင့်စိုးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားစီးရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်အလက်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်ရာ၌ မီးသတ်ဆေးဘူးအားအသုံးပြုနည်းများအား စနစ်တကျ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက်ဖြန့် ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များက အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅၀)ဦးတို့နှင့်အတူ မီးသတ်ဆေးဗူးကိုအသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းနှင့် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသလေ့ကျင့်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)