ပုသိမ် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)၊ ဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊ မြေပဲမျိုးစေ့များပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့ စိန်ရတုဓမ္မသာလဗိမာန်တော်သို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်-၃ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကိုကျင်းပတော့မည်ဖြစ်ရာ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်များမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို ဆောင်ရွက်ထားရှိပြီး မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံ၏ ဒုတိယ မြောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Public Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်၍ ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် တတိယနေရာရရှိခဲ့ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကျုံပျော်ခရိုင်ကိုအခြေခံ၍ ပီလောပီနံ စိုက်ပျိုးရေးတွင် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်ရှိ လမ်း၊ တံတားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ လမ်းတံတားများရေရှည်တည်တံ့ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများကလည်း ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ( Drum Seeder)၊ ဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊ မြေပဲမျိုးစေ့များပေးအပ်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကိုတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)