မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဥပဒေရုံး၌ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အအုံသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူ များက ရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင့် သိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ “Building Legal Trust For The People” “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ဆိုသည့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိရာရုံး၊ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်စေခြင်းမှာလည်း ရည်မှန်းချက်ပန်းတိုင်များတွင်ပါဝင်ပြီး ပထမဦးစားပေးအနေနဲ့ ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ယခုလို ဥပဒေရုံးသစ် တည်ဆောက်ဖွင့် လှစ်ပေးနိုင်ခြင်းသည် မဟာဗျူဟာရဲ့ ရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ မော်လမြိုင်ကျွန်း မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်သည် အလျား ၆၀ ပေ x အနံ ၄၅ ပေ၊ RC(၂ )ထပ် အဆောက်အအုံဖြစ်ပြီး Thaw Zin Thant Co.,Ltd မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊
ယနေ့ ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးအပါအဝင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ခရိုင်ဥပဒေရုံး (၃)ရုံး၊ မြို့နယ်ဥပဒေရုံး (၁၀)ရုံး၊ အရာထမ်းအိမ်ရာ(သီးသန့်) (၈)လုံးနှင့် မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ တွဲလျက်(၁၃)ရုံးတို့ကို တည်ဆောက်ပေးနိုင်ခဲ့ ကြောင်း၊ ဥပဒေရုံးသစ်များ၊ ဝန်ထမ်းအိမ်ရာများကို အဆင့်မီစွာ တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများဖြစ်ပြီး အရာထမ်း၊ အမှုထမ်းများ စိတ်အေးချမ်းသာစွာ တာဝန် ထမ်းဆောင်နိုင်တော့မှာဖြစ်လို့ ဝမ်းသာပီတိဖြစ်ရကြောင်း သိရသည်။
ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့်စပ်လျဥ်း၍ Thaw Zin Thant Constrution Co;Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမိုးမင်းစိုးက ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ လဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးတို့အား မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးဥပဒေချုပ်မှ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေအရာရှိက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)