ပွင့်ဖြူ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပထမပတ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် စုရပ်ပြုလုပ်၍ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများက စုရပ်ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ မြို့ပတ်လမ်း လေးတိုင်စင်လမ်းဆုံအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ထို့မှတစ်ဆင့် မြို့နယ်ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အကြော့လျှော့လေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အများပြည်သူ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ကိုယ်လက်ကျန်းမာ လေ့ကျင့်မှုများဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပဆင်နွှဲလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ပထမပတ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)