မင်းဘူး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒီဇင်ဘာအားကစားကာလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှု အစီ အစဉ်များကို ယနေ့နံနက် ၅ နာရီခွဲအချိန်က မင်းဘူးမြို့ ခရိုင်အားကစားကွင်း စုရပ်မှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်းအား ၂၀၀ ဦးခန့် ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြပြီး ခရိုင်အားကစားကွင်းရှေ့ စုပ်ရပ်မှစတင်ကာ မင်းဘူး-မကွေးကားလမ်း၊ ပြည်တော်သာလမ်းနှင့် မြို့တွင်းလမ်းတစ်လျောက် လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကာယနည်းပြများက ဦးဆောင်၍ ခရိုင်အားကစားကွင်းရှိ ဘောလုံးကွင်းအတွင်း၌ ကိုယ်လက်လှုပ်ရှား အားကစားအဖြစ် အကြောလျှော့လေ့ကျင့်ခန်းများနှင့် သွေးပူလေ့ကျင့်ခန်းများကို ပျော်ပျော်ပါးပါး လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီးနောက် လူထုအားကစားလှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲကြသူများကို အမှတ်တရလက်ဆောင် ကံစမ်းမဲအဖြစ် စက်ဘီးတစ်စီးနှင့် ထမင်းပေါင်းအိုးတစ်လုံး မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)