မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကြည့်ရှုအားပေး

မော်လမြိုင် နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားပြီး ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် ဘာသာတရားရိုသေလေးစားလိုက်နာတတ်စေရန်လည်း ပြုစုပျိုးထောင်ပေးကြရန်၊ မိမိတို့၏ကျောင်းတော်ကြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် ကျောင်းနှင့်‌‌ ကျောင်းပတ်ဝန်းကျင် အစဉ်သန့်ရှင်းသာယာလှပစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒေသခံကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့မှ (၁၃ဝx၃ဝ)ပေ RCC(၂)ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့မှုအပေါ် ပြည်နယ်ပညာရေးမှူးက လက်ခံရယူခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး (၂)ထပ်ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်‌လေးများ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ YMBA  ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဗဟိုမှ ကျင်းပပြုလုပ်သည့် (၇၆)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာစာမေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်း‌ကျောင်း၊ သီရိရတနာ‌ဆောင်၌  ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့မှ ကျောင်းသား၊ ကျောင်းသူများမှ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာစာမေးပွဲအငယ်တန်းနှင့် အလတ်တန်း ဝင်ရောက်ဖြေဆိုနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ‌ကျောင်းသူ၊ ကျောင်းသားများအား အာဟာရမုန့်များပေးအပ်ခဲ့ပြီး စာမေးပွဲကျင်းပဖြေဆိုနေမှုတို့အား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌  (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာစာမေးပွဲဖြေဆိုနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ စာမေးပွဲဝင်ရောက်ဖြေဆိုနေကြသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အာဟာရမုန့်များ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ပညာကြယ်စင်ခန်းမ၌ ကျောင်းသူ၊ ကျောင်းသားများမှ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာစာမေးပွဲ(မွန်ဘာသာ)၊ အငယ်တန်းနှင့်အလတ်တန်း(မြန်မာဘာသာ)ဖြင့် ဝင်ရောက်ဖြေဆိုနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး အာဟာရမုန့်များ ပေးအပ်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာမေးပွဲဖြေဆိုမှုအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)