မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဗုဒ္ဓဝင်စာမေးပွဲ မွန်၊ မြန်မာဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ချောင်းဆုံ နိုဝင်ဘာ ၂၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူးကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့က မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မွန်ဘာသာနှင့်မြန်မာဘာသာတို့ဖြင့် ပြုလုပ်သည်။

အဆိုပါ စာမေးပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကညှော် (အ.ထ.က) ကျောင်းနှင့် မုဒွန်း (အ.ထ.က) ကျောင်းတို့တွင် မွန်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ဖြေဆိုနေမှုအား လာရောက်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြသည်။

အဆိုပါ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ကျောင်းသားလူငယ်၊ လူရွယ်များ ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာစေရန်၊ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီ၍ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်စေရန်နှင့် အမျိုးအနွယ်ကိုစောင့်ထိန်းကာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိပြီး ချောင်းဆုံမြို့နယ်၌ မုရစ်ကလေး၊ ကွမ်သဲ၊ ချောင်းဆုံ၊ ကရင်ဝင်းစိန်၊ ရွာလွတ်၊ သက္ကော၊ ကညှော်၊ ကလွီ၊ ခရိုက်ဒူး၊ ကမာကေးနှင့် မုဒွန်းကျေးရွာများရှိ စာစစ်ဌာန (၁၀) ခုတွင် အငယ်တန်းဖြေဆိုသူ (၁၃၃၈) ဦး၊ အလတ်တန်းဖြေဆိုသူ (၄၇၈) ဦးနှင့် အကြီးတန်းဖြေဆိုသူ (၆) ဦး စုစုပေါင်း (၁၈၂၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)