ပွင့်ဖြူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်အရောက် အချိန်မီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ဒေသတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူတွေကို အချိန်မီ သီးနှံစိုက်ပျိုးနိုင်ဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့ ရည်ရွယ်ပြီး အချိန်မီ ထုတ်ချေးပေးခဲ့ပါတယ်။
ဒီနှစ်မှာ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ (၁၄၆) သိန်း လျာထားထုတ်ချေးခဲ့ရာ ကျေးရွာအုပ်စု (၂) အုပ်စုက တောင်သူ ၂၉ ဦးကို သီးနှံစိုက်ဧက (၁၄၆) ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၁) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၄၆ သိန်း ထုတ်ချေးဆောင်ရွက်ပေးထားပါတယ်။
ဆောင်းသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းကို ယခုနှစ် နိုဝင်ဘာလ တတိယပတ်မှာ စတင်ထုတ်ချေးပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဒေါ်နွယ်နွယ်စိုးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ချေးယူသည့် ပေါက်ကုန်းကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာမှ ဒေသခံတောင်သူများကို ချေးငွေအတိုးနှုန်းထားများနှင့် သတ်မှတ်ကာလတွင် ချေးငွေများကို ပြေကြေစွာ အချိန်မီပေးဆပ်ရမည့် ချေးငွေစည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြား၍ တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)