တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ကြံခင်းမြို့နယ်၌ ကာလတို ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်းအား လာရောက်ကြည့်ရှု

ကြံခင်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လယ်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်သော ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှုအား လာရောက်ကြည့်ရှုအားပေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဖွင့်လှစ်သော ဖျင်စဖြင့်ကြက်မွှေးပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှု၊ သင်တန်းသူများ လက်တွေ့လုပ်ဆောင်နေမှုများကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းများ၊ ပြုလုပ်ပုံအဆင့်တို့ကို သင်တန်းနည်းပြဆရာမ ဒေါ်မိုးမင်းစန်းက အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များအား  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ ပြတိုက်ငယ်ပြသထားသည့် အရှိုချင်းရိုးရာ ကျားမအင်္ကျီ၊ အသုံးအဆောင်များ၊ စာပေများကို အရှိုချင်း တိုင်းရင်းသူ မိုင်မြအေးနှင့်အဖွဲ့က ရှင်းလင်းပေးခဲ့ပြီး၊ သင်တန်းသူများအား အမျိုးသမီးရေးရာအဖွဲ့နာယကမှ အချိုရည်နှင့်မုန့်များပေးရာ သင်တန်းသူများက လက်ခံရယူပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် သုတရသ စာအုပ်စာစောင်များ လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၂၅ ဦး တက်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကာလတို ငါးရက်ကြာ အခမဲ့သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)