ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ဧက ၆၁၀ အထိ သိမ်းဆည်းပြီးစီးပြီဖြစ်

ပွင့်ဖြူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ဧက ၆၁၀ အထိ ခူးဆွတ်သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထား သော ဝါစိုက်ခင်းများကို ယခုလ ပထမပတ်မှစတင်ပြီး ခူးဆွတ်သိမ်းဆည်းခဲ့ရာ ယနေ့တွင် ဧက ၆၁၀ အထိ သိမ်းဆည်း ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ချည်မျှင်ရှည်ဝါ ၅၂၄ ပိဿာနှုန်း ထွက်ရှိကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါ တယ်။ အဲဒီစိုက်ပျိုးထားတဲ့ ဝါစိုက်ခင်းတွေကို လက်ရှိမှာ ခူးဆွတ်သိမ်းနေကြပါတယ်။ ဒီနေ့ထိ ဧက ၆၁၀ လောက်  သိမ်းဆည်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ချည်မျှင်ရှည်ဝါ ၅၂၄ ပိဿာနှုန်း ထွက်ရှိပါတယ်။ ချည်မျှင်ဝါက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေဟာ မိုးဦးနဲ့ မိုးနှောင်းမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ဝါသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့ ၊ ပန်းတိုင်အထွက်နှုန်းများ ရရှိဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာနဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ဝါသီးနှံခူးဆွတ်သိမ်းဆည်းရာမှာလဲ အထွက်နှုန်းတွေ လျော့နည်းမှုမရှိအောင် အချိန်မီ ရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့ ဝါသီးနှံတွေ အရည်အသွေး ကောင်းမွန်စေရန် စနစ်တကျ ထားသိုထိန်းသိမ်းနည်းပညာများကို အသိပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် အရည်အသွေး ကောင်းသော ဝါသီးနှံများ ထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး နိုင်ရေး ၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါကို အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြုပေးနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ချည်မျှင်ရှည်ဝါကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)