ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံစုံ ၁၀၃၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ နိုဝင်ဘာ ၂၈    

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၁၀၃၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၂၄၃၈ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် စားဖိုဆောင်သီးနှံစုံ ၁၀၃၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်အတွင်း ဒီနှစ် ဆောင်းရာသီမှာ စားဖိုဆောင်သီးနှံစုံ ၂၄၃၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ အဲဒီ စားဖိုဆောင်သီးနှံ စိုက်ပျိုးခြင်းကို လက်ရှိမှာ ၁၀၃၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး အောင်မြင်ဖြစ်ထွန်းဖို့နဲ့ ထွက်ရှိလာတဲ့ သီးနှံတွေ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့၊ အရည်အသွေးကောင်းမွန်စေဖို့ တောင်သူတွေကို GAP နည်းစနစ်နဲ့ အညီ စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝဆေးတွေ ထုတ်လုပ်သုံးစွဲနိုင်အောင် စိုက်ပျိုးရေးနည်းပညာပေးတာတွေကို ကြီးကြပ်ဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးခြင်းကို လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့ထိ ငရုပ်ခြောက် ၄၉၀ ဧက၊ ကြက်သွန်နီ ၅၂၀ ဧက၊ ကြက်သွန်ဖြူ ၂၄ ဧက၊ စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၁၀၃၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

စားဖိုဆောင်သီးနှံများကို အစားအစာ ဘေးကင်းလုံခြုံမှုရှိပြီး အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် စားဖိုဆောင်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)