မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်းကွန်ကရစ်လမ်း ဖွင့်ပွဲတက်ရောက်

ချောင်းဆုံ  နိုဝင်ဘာ  ၂၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်တို့က  ကွန်ကရစ် လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ဆုချီးမြှင့်ခဲ့ကြ သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများကို နည်းလမ်း အမျိုးမျိုးနဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊မွန်ပြည်နယ်အတွင်းကျေးရွာပေါင်း (၁၁၄၃)ရွာ အနက် နှစ်စဉ်ကျေးရွာများ ရွေးချယ်၍ ကျေးလက်ကုန်ထုတ်လမ်း ၊ ရေရရှိရေး၊မီးလင်းရေးစသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးပတ်ဝန်ကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုက အထူးအရေးပါသလို၊ ကျေးရွာစိတ်ဓာတ် ခိုင်မာအားကောင်းစေရေး၊ စည်းလုံးညီညွတ်မှု ရှိစေရေးနှင့် ဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်ရဲ့မူဝါဒ ၊လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း၍ အစွမ်းကုန်ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာပြည်သူတစ်ဦးက  ကျေးဇူးတင်စကားပြောကြားခဲ့သည်။       

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာကြသည့် ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး ကွန်ကရစ်လမ်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

အဆိုပါ ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်း ကွန်ကရစ်လမ်း ဆောက်လုပ် ခြင်းဖြင့် အိမ်ခြေ (၁၃၀၀) ရှိ လူဦးရေ (၄၈၀၀) တို့၏ ကျန်းမာရေး၊ပညာရေး၊ လူမှုစီးပွားလုပ်ငန်းများနှင့်အတူ လယ်ဧက(၃၀၇၀)၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြုမည်ဖြစ်ရာ ယခင်ကထက် ကုန်ထုတ်လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  သိရသည်။

ကိုကျော်(ချောင်းဆုံ)