ပေါင် နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲနှင့် အရည်အချင်း လက္ခဏာများအပေါ် တောင်သူအချင်းချင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဖြူဘကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း၏ လယ်မြေ၌ပြုလုပ်ခဲ့ရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ သထုံခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သင်းသင်းဆင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူ (၇၈) ဦး၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်သည်နှင့်အညီ တိုးပွားလာသော လူဦးရေအတွက် စားရေရိက္ခာဖူလုံမှုရှိစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် စပါးသီးနှံသည် နိုင်ငံခြားပို့ကုန်များအနက် အရေးကြီးသောပို့ကုန်တစ်ခုလည်း ဖြစ်ပါတယ်။
မျိုးစေ့ (Seed) ကို တောင်သူများရာနှုန်းပြည့် အသုံးပြုနိုင်အောင်ဆောင်ရွက်ပြီး ရေမြေနှင့်ကိုက်ညီသည့် အရည်အသွေးကောင်းစပါးမျိုး (ပေါ်ဆန်းဘေးကြား) ကို (၁၅၀) ဧက မျိုးသန့်ထုတ်လုပ်ခြင်းနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ပြီး ကော်ဖီနှင့်ငရုတ်ကောင်းများကို စိုက်ပျိုးနိုင်သောမြေနေရာများတွင် တိုးချဲ့ စိုက်ပျိုးသွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်က ကွင်းသရုပ်ပြပွဲနှင့် တောင်သူဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရေဆင်းပေါ်ဆန်း (၁) ၊ (၂) စပါးမျိုးများ ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ ရေဆင်းပေါ်ဆန်း (၁) (၈၀.၂၅) တင်းနှင့် ရေဆင်းပေါ်ဆန်း (၂) (၇၉.၁၂) တင်းထွက်ရှိခဲ့ပြီး ပေါ်ဆန်းစပါးမျိုးများ၏ စားသုံးမှုအရည်အသွေးအား အကဲဖြတ်မှတ်တမ်းတင်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ဖြင့် ရေဆင်းပေါ်ဆန်း (၁) ၊ (၂) စမ်းသပ်စိုက်ပျိုးခဲ့သော တောင်သူဦးသန်းထွန်းမှ စိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးအကြံပြုခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မျိုးစေ့တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူတန်မှ စပါးသီနှံအား ခေါင်နှံစနစ်ဖြင့် ထိန်းသိမ်းပွားများခြင်းနည်းပညာအား ပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)