ကန်ကြီးထောင့် နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်ခြင်းကို နိုဝင်ဘာလ (၂၄) ရက်နေ့က ဒါးကတိုက်နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဒါးကမြို့မစျေးအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းစိုးလွင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်နိုင်ထွန်း၊ ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဈေကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့များဖြင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွား၊ မပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးလုံခြုံရေးအသိသတိဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးနှင့် မီးသတ်ဆေးဘူများစသည့် ကနဦး မီးငြှိမ်းသတ်ရေးပစ္စည်းများအား ဆောင်ရွက်ထားရှိစေရန်နှင့် မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်ရာ၌ မီးသတ်ဆေးဘူးအား အသုံးပြုနည်းတို့အား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မီးသတ်ဆေးဘူးကိုအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်ရာတွင် ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်း၊ gas မီးဖိုများမတော်တဆ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ငြှိမ်းသတ်နည်းများနှင့် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နည်းများကို ဒါးကမြို့မဈေးရှိ ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြသလေ့ကျင့်ပေးခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး